Blog
ဘုရားရှင်သည် မည်သည့် BC ခုနှစ်တွင် ဖွားမြင်တော်မူခဲ့သနည်း?
- May 18, 2023
- Posted by: Thuta Sann
- Category: အထွေထွေ
ကျနော်တို့ရဲ့ ဂေါတမမြတ်စွာဘုရားရှင်ကို မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူခဲ့တယ်လို့ စာပေကျမ်းဂန်များအရ သိခဲ့ကြမယ်ထင်ပါတယ်။ ဒီတော့ ခရစ်သက္ကရာဇ်နဲ့ ဆိုရင် BC ဘယ်နှစ် ခုနှစ်မှာ မွေးဖွားခဲ့သလဲဆိုတာ ကျနော်တို့ ပြန်ပြီး လေ့လာသုံးသပ်ကြည့်ကြပါမယ်။ ဒီလိုသုံးသပ်တဲ့နေရာမှာ ကျနော့်ရဲ့ အယူအဆ အမှားအယွင်းတွေရှိနေခဲ့မယ်ဆိုရင် မေတ္တာရှေ့ထားပြီး ဘယ်သူမဆို ထောက်ပြဝေဖန်နိုင်ပါတယ်။
ပထမဆုံး Google ရဲ့ Search မှာ ကျနော် Buddha’s Birthday လို့ရိုက်ကြည့်လိုက်ပါတယ်။ ဒီတော့ ရှာဖွေမှုရလဒ်တွေရဲ့ ထိပ်ဆုံးမှာ Fri, May 26, 2023 လို့ ပေါ်လာတာကို သတိထားမိပါတယ်။ ရှိစေတော့ ကျနော် Wikipedia ထဲကို ဝင်ကြည့်လိုက်ပါတယ်။ ကျနော် ဝင်ကြည့်လိုက်တာက အောက်ပါ လင့်ခ်ဖြစ် ပါတယ်။
အဲဒီမှာ ဖော်ပြထားတာက အောက်ပါအတိုင်းဖြစ်ပါတယ်။ အသေးစိတ်တော့ ရှင်းမပြတော့ပါဘူး။ အကျယ်သိချင်ရင် အောက်က လင့်ခ်မှာ ဝင်ဖတ်ပါ။
https://en.wikipedia.org/wiki/The_Buddha
Siddhartha Gautama
Born: 563 BCE or 480 BCE
Lumbini, Shakya Republic
Died: 483 BCE or 400 BCE (aged 80)
Wikipedia မှာကလည်း သုတေသနတွေ၊ ခန့်မှန်းချက်တွေနဲ့ ရေးထားတာဆိုတော့ အရမ်းကြီး တိကျမယ်လို့ သူကိုယ်တိုင်ကလည်း အာမ မခံထားပါဘူး။ ကျနော်လည်း သိပ်ဘဝင်မကျတာနဲ့ ဆက်ပြီး ရှာဖွေကြည့်ပါတယ်။ ရှာဖွေဖတ်ရှုကြည့်တာကတော့ အများကြီးပါ။ မူတွေလည်း အမျိုးမျိုးနဲ့ဖြစ်ပါတယ်။ အဲဒီထဲကမှ Site တစ်ခုက အောက်ပါအတိုင်း ထူးထူးခြားခြား ပြောထားပါတယ်။
Ceylonese Long Chronology: c. 624 – c. 544 BCE
Corrected Long Chronology: c. 567 – c. 487 BCE
Indian Short Chronology: c. 448 – c. 368 BCE
Modern Chronology: c. 563 – c. 483 BCE
အကျယ်သိချင်ရင် အောက်ပါ Site မှာ ဝင်ဖတ်ကြည့်ပါ။
https://www.worldhistory.org/article/493/the-dates-of-the-buddha/
ဒီလိုနဲ့ ကျနော် Data တွေကို စနစ်တကျ သုတေသနပြုပြီး စုဆောင်းထားတဲ့ Astro Databank မှာ ဝင်ကြည့်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း ကြည့်ချင်ရင် အောက်က လင့်ခ်မှာ ဝင်ကြည့်ပါ။
https://www.astro.com/astro-databank/Buddha
အဲဒီမှာလည်း မူကွဲအမျိုးမျိုးနဲ့ ဇာတာတွေ ဖွဲ့ပြထားတာကို စိတ်ဝင်စားဖွယ်ရာ တွေ့လိုက်ပါတယ်။ အကျဉ်းချုပ်ပြန်ပြရမယ်ဆိုရင် ဘုရားရှင်ရဲ့ သက္ကရာဇ်တွေကို အောက်ပါအတိုင်း အမျိုးမျိုးယူဆပြီးတွက် ပြထားတာကို တွေ့ရပါတယ်။
26 April 624 BC (-623) Jul.Cal. at 11:55:48 (= 11:55:48 AM )
23 May 575 BC (-574) Jul.Cal. at 12:30 (= 12:30 PM )
21 May 587 BC (-586) Jul.Cal. at 06:14 (= 06:14 AM )
14 April 623 BC (-622) Jul.Cal. at 11:03 (= 11:03 AM )
14 April 623 BC (-622) Jul.Cal. at 10:56 (= 10:56 AM )
15 April 623 BC (-622) Jul.Cal. at 11:59:42 (= 11:59:42 AM )
ဒီတော့ တခြား Website တွေရဲ့ ရှင်းပြချက်တွေအသာထားဦး … ခုပြတဲ့ အနေအထားမှာတောင် BC သက္ကရာဇ်တွေက အမျိုးမျိုး၊ အဖုံဖုံဖြစ်နေတာတွေ့ရတယ်။ ကျနော်တို့ မြန်မာမှာ ဗုဒ္ဓရဲ့ မွေးသက္ကရာဇ်ကို မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့ လို့ တညီတညွှတ်ထဲ လက်ခံထားကြသလို၊ တွက်ရိုးပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဆရာကာလာစံကလည်း အဲဒီ ရက်ဟာ သောကြာနေ့နဲ့ ကိုက်ညီကြောင်း တွက်ရိုးသင်္ချာပညာနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ ဒီနေရာမှာ တွက်ရိုး မှန်တာ၊ မမှန်တာ ဆွေးနွေးမှာမဟုတ်ပါဘူး။ ဘုရားရှင်ဟာ သောကြာသားဖြစ်ကြောင်း အတည်ပြုချင်တာပါ။ ဒီတော့ မဟာသက္ကရာဇ်မှန်တယ်ဆိုရင် ကျနော်တို့ရဲ့ သက္ကရာဇ်တွေကို လေ့လာကြည့်ရအောင် …
ပထမဆုံး မြန်မာသက္ကရာဇ်တွေအကြောင်းပြောဖို့ သက္ကရာဇ်တွေရဲ့ မြစ်ဖျားခံရာ သူရိယသိန္ဒန္တကျမ်းကနေ စပြီးပြောမှ ပြည့်စုံမယ်ထင်ပါတယ်။ သူရိယသိန္ဒန္တကျမ်းအရ …
စတုယုဂ်တစ်ခုဟာ … 4320000 ရှိတယ်လို့ဆိုပါတယ်။ အဲဒါကို မှ ယုဂ်လေးပါးနဲ့ ထပ်ခွဲထားပါတယ်။
( ၁ ) ကတယုဂ် = 1728000
( ၂ ) တြေတာယုဂ် = 1296000
( ၃ ) ဒွါပရယုဂ် = 864000
( ၄ ) ကလိယုဂ် = 432000
ဒီယုဂ်လေးခုအနက် ကျနော်တို့ အခု ဖြတ်သန်းနေရတဲ့ ယုဂ်ကာလဟာ ကလိယုဂ်ဖြစ်ပါတယ်။ ထားပါတော့ … သက္ကရာဇ်တွေကို ဖြိုခဲ့ကြပုံတွေအကြောင်းကို စာပေမှတ်တမ်းတွေအရ ပြောရမယ်ဆိုရင် …
ကမ္ဘာဦးကာလကနေ ရေတွက်လာတဲ့ ကိန်းသင်္ချာတွေဟာ များလွန်းတဲ့အတွက် အာကာရဋ္ဌမင်းလက် ထက်မှာ ( 1149785 ) ကို ဖြိုပြီး အကြွင်းကို ဆက်လက်သုံးစွဲခဲ့ပါတယ်။
အဲဒီ အာကာရဋ္ဌမင်းလက်ထက်က ဖြိုပြီး ဆက်လက်သုံးစွဲလာတဲ့ သက္ကရာဇ်တွေကို ကုသမင်းလက်ထက်မှာ ( 14938560 ) ထပ်မံဖြိုပြီး ဖြိုကွင်းကို ကုသမင်းသက္ကရာဇ်အနေနဲ့ ဆက်လက် သုံးစွဲခဲ့ပါတယ်။ ဒီနေရာမှာ ဘယ်လောက်ရှိနေပြီဖြစ်တဲ့ သက္ကရာဇ်ကို ဖြိုပြီးမှ ဘယ်လောက်သော ကိန်းဂဏန်းကနေ စတင်သုံးစွဲခဲ့ကြတယ်ဆိုတာ စာပေအရ မတွေ့မိသေးပါဘူး။ မိတ်ဆွေတို့ ရှာတွေ့ရင် လည်း ပြောကြပါဦး။
အဲဒီ ကုသမင်းရဲ့ သက္ကရာဇ် ( 8647 ) ခုနှစ်အရောက်မှာ မြတ်စွာဘုရားရဲ့ ဘိုးတော် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခအဘိညာဉ်ရ ဒေဝီလရသေ့နဲ့ တိုင်ပင်ပြီး ( 8645 ) ကို ဖြိုခဲ့ပြီး အကြွင်း ( 2 ) ရကနေ စတင်ရေတွက်ခဲ့ပါတယ်။ အဲဒီသက္ကရာဇ်ကို အဉ္စနသက္ကရာဇ် ( သို့ ) မဟာသက္ကရာဇ်လို့ခေါ်ပါတယ်။ အဲဒီလိုနဲ့ ရေတွက်လာလိုက်တာ မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်၊ သောကြာနေ့မှာ မြတ်စွာဘုရားရှင် ဖွားမြင်တော်မူပါတယ်။
မဟာသက္ကရာဇ် ( 148 ) ခုနှစ်အရောက်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အတွက် အဇာတသတ်မင်းက သက္ကရာဇ်ကို သာသနာနဲ့ ကောဇာညီစေဖို့ ရှင်မဟာကဿပမထေရ်နဲ့တိုင်ပင်ပြီး မဟာသက္ကရာဇ် ( 148 ) ကို သာသနာသက္ကရာဇ် ( 1 ) ခုနှစ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက အဇာတသတ်မင်းဟာ သက္ကရာဇ်ဖြိုတာမဟုတ်တဲ့အတွက် အကြွင်းမရှိပါဘူး။ သူက သက္ကရာဇ်ကို အပြောင်းအလဲလုပ်လိုက်ရုံသာဖြစ်ပါတယ်။ ဒီတော့ အဇာတသတ်မင်းလက်ထက်မှာ မဟာသက္ကရာဇ်မရှိတော့ပဲ သာသနာသက္ကရာဇ်လို့ အမည်ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုနဲ့ သရေခေတ္တရာခေတ်ရဲ့ သာသနာသက္ကရာဇ် ( 624 ) အရောက်မှာ သုမုန္ဒရီမင်းဟာ ( 622 ) ကို ဖြိုလိုက်ပြန်ပါတယ်။ ဖြိုလို့ကျန်တဲ့အကြွင်း ( 2 ) ကို သရေခေတ္တရာသက္ကရာဇ်အဖြစ် ဆက်လက်အသုံးပြုခဲ့ပါတယ်။
သရေခေတ္တရာသက္ကရာဇ် ( 562 ) အရောက်မှာ ပုဂံမင်းဖြစ်တဲ့ ပုပ္ပါးစောရဟန်းမင်းဟာ ( 560 ) ဖြိုပြီး အကြွင်း ( 2 ) ကနေ ပုဂံသက္ကရာဇ်အဖြစ် ဆက်လက်သုံးစွဲခဲ့ပါတယ်။ ကျနော်တို့ ခုလက်ရှိ အသုံးပြုနေတဲ့ မြန်မာသက္ကရာဇ်ဆိုတာတွေက ပုဂံမင်းလက်ထက်ကနေ ဆက်လက်အသုံးပြုလာတဲ့ သက္ကရာဇ်တွေဖြစ်ပါတယ်။ ကြားထဲမှာ ပုဂံသက္ကရာဇ် ( 800 ) ခုနှစ်အရောက် မိုးညှင်းမင်းက ( 798 ) ဖြိုပါသေးတယ်။ ဒါပေမယ့် ပြည်သူတွေက ပုဂံမင်းရဲ့ သက္ကရာဇ်ကိုသာ ဆက်လက်သုံးစွဲနေကြတဲ့ အတွက် သက္ကရာဇ်မပြိုခဲ့ပါဘူး။
ဒီတော့ ဘုရားရှင်ရဲ့ မဟာသက္ကရာဇ်ကို BC အလို နောက်ကြောင်းပြန်ရှာကြည့်မယ်ဆိုရင် ကျနော် အောက်ပါဇယားအတိုင်း သုတေသနပြုပြထားပါတယ်။ လေ့လာကြည့်ပါ။ တွက်နည်း ဖော်မြူလာတွေ လည်း ထည့်ပေးထားပါတယ်။
ဒီဇယားအရဆိုရင် မြတ်စွာဘုရားရှင်မွေးဖွားတဲ့ BC ခုနှစ်ဟာ အနီးစပ်ဆုံး ( 623 ) ခုနှစ်ခန့်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမယ့်လည်း အထက်မှာကျနော် ရှင်းပြခဲ့သလိုပဲ … BC အမျိုးမျိုးနဲ့ သုတေသနပြုထားကြတာကို မြင်တွေ့ရပါတယ်။
Google ရဲ့ ရှာဖွေမှုရလဒ် Fri, May 26, 2023 ကို အောက်ပါအတိုင်း အစားထိုးပြီး သောကြာနေ့ ဟုတ်မဟုတ် သုတေသနပြုကြည့်ပါတယ်။
BC 623, May 26 = အင်္ဂါနေ့
BC 624, May 26 = တနင်္လာနေ့
Wikipedia, Born: 563 BCE or 480 BCE အရ
BC 563, May 26 = တနင်္ဂနွေနေ့
BC 480, May 26 = စနေနေ့
Ceylonese Long Chronology: c. 624 – c. 544 BCE အရ
BC 624, May 26 = အင်္ဂါနေ့
Corrected Long Chronology: c. 567 – c. 487 BCE
BC 567, May 26 = အင်္ဂါနေ့
Indian Short Chronology: c. 448 – c. 368 BCE
BC 448, May 26 = ကြာသပတေး
Modern Chronology: c. 563 – c. 483 BCE
BC 563, May 26 = တနင်္ဂနွေနေ့
ဒါတွေက ခုနှစ်တွေကို Google ရဲ့ လနဲ့ ရက်ပေါင်းစပ်ပြီး အဖြေရှာကြည့်တာပါ။ သောကြာနေ့နဲ့ လုံး၀ မကိုက်ညီပါဘူး။ ဒီတော့ … စဉ်းစားစရာနှစ်ချက်ရှိပါတယ်။
ရက်နဲ့ လ သတ်မှတ်ချက်မှားယွင်းနေတာလား? ဒါမှမဟုတ်
ကျနော် အသုံးပြုတဲ့ BC တွက်ရိုးကပဲ မှားယွင်းနေသလား?
ထားလိုက်ဦး … သုတေသနပြုလက်စနဲ့ Astro Databank ရဲ့ ရလဒ်တွေကိုပါ တွက်ကြည့်ရအောင် …
26 April 624 BC (-623) Jul.Cal. at 11:55:48 (= 11:55:48 AM ) = စနေနေ့
23 May 575 BC (-574) Jul.Cal. at 12:30 (= 12:30 PM ) = ဗုဒ္ဓဟူးနေ့
21 May 587 BC (-586) Jul.Cal. at 06:14 (= 06:14 AM ) = တနင်္ဂနွေနေ့
14 April 623 BC (-622) Jul.Cal. at 11:03 (= 11:03 AM ) = အင်္ဂါနေ့
14 April 623 BC (-622) Jul.Cal. at 10:56 (= 10:56 AM ) = အင်္ဂါနေ့
15 April 623 BC (-622) Jul.Cal. at 11:59:42 (= 11:59:42 AM ) = ဗုဒ္ဓဟူးနေ့
ဒါတွေလည်း တစ်ခုမှ မကိုက်ညီပါဘူး။ ဒီတော့ ကျနော် စောစောကပြောခဲ့သလိုပဲ …
ရက်နဲ့ လ သတ်မှတ်ချက်မှားယွင်းနေတာလား? ဒါမှမဟုတ်
ကျနော် အသုံးပြုတဲ့ BC တွက်ရိုးကပဲ မှားယွင်းနေသလား? ဆိုတဲ့ အတွေးကို တွေးရတော့မှာပါ။ ကျနော်တို့ မြန်မာအယူအဆအရဆိုရင်တော့ … ဘုရားရှင်ဟာ BC 623 ( အနီးစပ်ဆုံးနှစ် ) မှာ မွေးဖွားခဲ့ တာတော့ သေချာပါပြီ။ ရက်နဲ့ လ ကို ပြန်ရှာဖို့ မသေချာလှပါဘူး။ တိတိကျကျ ရှာနိုင်ဖို့ အထောက်အထားတွေ၊ သုတေသနပြုချက်တွေ အများကြီးလိုအပ်ပါသေးတယ်။
နိဂုံးချုပ်အနေနဲ့
ရက်နဲ့ လ သတ်မှတ်ချက်မှားယွင်းနေတာလား? ဒါမှမဟုတ်
ကျနော် အသုံးပြုတဲ့ BC တွက်ရိုးကပဲ မှားယွင်းနေသလား?
ဆိုတဲ့ အတွေးထဲမှာ BC တွက်ရိုးဆိုတာကတော့ ကျနော်ကိုယ်တိုင်ရေးထားတဲ့ တွက်ရိုးဖြစ်ပါတယ်။ ကျနော့်ရဲ့ သုတေသနပြုချက်အရ … BC 4713 ခုနှစ်ကနေ AD လက်ရှိကာလအထိ နေ့တွေကို မှန်မှန်ကန်ကန် တွက်လို့ရပါတယ်။
ကဲ … မိတ်ဆွေတို့လည်း စဉ်းစားကြဦးပေါ့ … တခုခု ဆွေးနွေးချင်တာရှိရင်ဖြစ်စေ၊ အကြံပေးချင်တာရှိရင် ဖြစ်စေ … Comment ချန်ခဲ့နိုင်ပါတယ်။ ကျနော်လည်း ဆက်လက်လေ့လာလိုက် ပါဦးမယ်။
6 Comments
Leave a Reply Cancel reply
You must be logged in to post a comment.
BC 623 ဝန်းကျင် ဆိုရင်
/ BC 621 , May 26 = သောကြာ /
ဖြစ်နိုင်လား / မဖြစ်နိုင်ဘူးလား
ဘယ်လို သုံးသပ် မိလဲ ဆရာ။
BC 621/May/26 ဆိုရင် … သောကြာနေ့နဲ့ တိုက်ဆိုင်ပါတယ်။ ဒါပေမယ့် … 621 မှန်မယ်ဆိုရင် မဟာသက္ကရာဇ် ၆၈ ခုနှစ် ဆိုတာက လွဲနေနိုင်ပါတယ်။ ပြက္ခဒိန်ရဲ့ကွာဟချက် တခုခု အကြောင်းရင်းခံရှိမယ်ဆိုရင်တော့ အဲဒီ သက္ကရာဇ်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တွက်ကြည့်မိသလောက်ကတော့ မဟာသက္ကရာဇ် ၆၈ မှန်မယ်ဆိုရင် BC 623 နဲ့ နီးစပ်နေပါတယ်။ ဒါတွေကလည်း ခန့်မှန်းချက်တွေသာဖြစ်ပြီး တိကျတဲ့ ကျမ်းကိုးကျမ်းကား၊ တွက်ရိုးသဘောတရား၊ ကြားကာလ ကွာဟမှုလို့ခေါ်တဲ့ ပြက္ခဒိန်သတ်မှတ်ချက်တခုခုကြောင့်လည်း ကျနော့်အယူအဆလွဲမှားနိုင်ပါသေးတယ်။ မိတ်ဆွေပြောတဲ့ သက္ကရာဇ်ကို ကျနော်လည်း စဉ်းစားမိပါတယ်။ ဒါပေမယ့် အတိအကျယူဆနိုင်ဖို့ လိုအပ်ချက်တွေရှိနေတာကြောင့် ဆက်လက်ရှာဖွေနေဆဲပါခင်ဗျာ။ လတ်တလော ကျနော်အသုံးပြုနေတဲ့ တွက်ရိုးကိုတော့ … https://coder-guru.com/ad-bc-converter/ မှာတင်ပေးထားပါတယ်။ မိတ်ဆွေလည်း စိတ်ဝင်စားရင် ဆက်လက်လေ့လာပါ။ တခုခုထူးရင်လည်း အသိပေးပါ။ ကျနော်လည်း ဆက်လက်ရှာဖွေနေပါတယ်ခင်ဗျာ။
ဆရာရဲ့ တွက်ရိုးတင်ပေးထားတယ် ဆိုတဲ့နေရာ ကို ဝင်ကြည့်ပေမယ့် ဝင်လို့ မရဘူး ဆရာ။
အခြား ဘယ်လို ကြည့်လို့ ရနိုင်မလဲဆရာ။
မြန်မာ သက္ကရာဇ် တွက်နည်း ရှိရင် လေ့လာချင်လို့ပါ ဆရာ။
ဘယ်လို လေ့လာ လို့ ရနိုင်မလဲ အကြံပြုပေးစေချင်ပါတယ် ဆရာ။
မြန်မာပြက္ခဒိန်တွက်နည်းတွေကို တွက်ရိုးစာအုပ်တွေကနေလေ့လာနိုင်သလို
အင်တာနက်ပေါ်မှာလည်းလေ့လာနိုင်ပါတယ်။
အောက်က လင့်ခ်တွေမှာလေ့လာပါ။
http://shwenyein.blogspot.com/
http://coolemerald.blogspot.com/2013/06/algorithm-program-and-calculation-of.html
ကျေးဇူးတင်ပါတယ် ဆရာ