Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Blog

တဲရော့နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို ဗဟုသုတအဖြစ် ဒီမှာ စုစည်းပေးလိုက်ပါတယ်။ သိချင်တာတွေရှိဦးမယ်ဆိုရင် အောက်မှာ Comment ချန်ခဲ့ပါ။ ကျနော် မကြာခင် ထပ်မံ Update လုပ်ပေးပါမယ်။

တဲရော့ကားချပ်တွေက ကုလားဖန်ထိုးပြီး ဟောရတာဆိုတော့ ကြုံသလိုကျ၊ ကြုံသလိုဟောရတဲ့သဘောမျိုးလား ... ?

တဲရော့ကားချပ်တွေကို ကုလားဖန်ထိုးပြီးမှ ဟောဆိုတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် မိတ်ဆွေယူဆသလို … Ramdom တော့ မဟုတ်ပါဘူး။ ဒီကားချပ်လေးတွေကို မိတ်ဆွေကိုယ်တိုင် သေသေချာချာကျကျနန မွေးမြူပြီးမှ အသုံးချမယ်ဆိုရင်တော့ ကျနော်အခုပြောတဲ့စကားကို ပိုပြီး သဘောပေါက်မှာပါ။ ဆိုင်က ဝယ်လာတဲ့ တဲရော့ကို ချက်ချင်းဖောက်၊ ချက်ချင်းသုံးတာမျိုးဆိုရင်တော့ မိတ်ဆွေပြောသလိုဖြစ်နေမှာသေချာပါတယ်။ နောက်တစ်ချက်က တဲရော့ဟာ ဟောသူရဲ့အတွင်းစိတ် ( Inner Mind ) နဲ့ဆက်သွယ်နေပါတယ်။ ဒါကြောင့် ကြုံသလိုဘယ်တော့မှမကျပါဘူး။ သူညွှန်ပြလိုတဲ့ လမ်းအတိုင်းသာ ကျရောက်နေမှာဖြစ်ပါတယ်။

ကျနော် အလုပ်လျှောက်ထားတာ ရမလား ... ? ဆိုတဲ့မေးခွန်းကို ပထမတစ်ကြိမ်မေးလိုက်တော့ The Sun ကဒ်ကျတယ်။ ပိုပြီးသေချာအောင် ထပ်ချိုးလိုက်တော့ ဒုတိယအကြိမ်မှာ The Tower ကဒ်ကျလာတယ် ... ဒီတော့ ဘယ်ဟာက အမှန်ဖြစ်မလဲ?

တဲရော့မေးမြန်းတဲ့အခါ မေးခွန်းတစ်ခုထဲကိုပဲ တဆက်ထဲ နှစ်ကြိမ်မေးခြင်း၊ နှစ်ခါချိုးပြီး နိမိတ်ယူခြင်း စသဖြင့် မလုပ်သင့်ပါဘူး။

အကယ်၍ မဖြစ်မနေမေးချင်ရင်တောင်မှ ရက်ခြားပြီးမေးသင့်ပါတယ်။ အကောင်းဆုံးကတော့ မေးခွန်းတစ်ခုအတွက် အောင်မြင်မလားမေးပြီးတာနဲ့ ရလာတဲ့အဖြေကို မှတ်ထားပါ။ သတ်မှတ်ကာလအတွင်း ရလာတဲ့အဖြေ မှန်မမှန်ကို စောင့်ကြည့်ပါ။ သတ်မှတ်ကာလပြည့်ပြီးဆိုမှ ထပ်မံမေးမြန်းတာအကောင်းဆုံးဖြစ်ပါတယ်။ အဓိကပြောချင်တာကတော့ တဲရော့ကို မယုံမကြည်မလုပ်မိပါစေနဲ့ …

လူတစ်ယောက်ကို မေးခွန်းတစ်ခုမေးကြည့်ပါ။ သူက ကောင်းကောင်းဖြေမှာပါ။ တဆက်ထဲ အဲဒီမေးခွန်းကို ဟုတ်လို့လားဗျာ ဆိုပြီးထပ်မေးကြည့်လိုက်ပါ။ ထိုသူ စိတ်ကသိကအောက်ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ ငါ့ကိုများ မယုံမကြည်လုပ်ရကောင်းလားလို့ တွေးမိကောင်းတွေးမိသွားနိုင်ပါတယ်။ ဒီလိုပဲ တဲရော့ကို မေးတဲ့အခါ ကိုယ်အလိုရှိတဲ့ အဖြေမရမခြင်း မေးနေတာမျိုးတော့ မလုပ်သင့်ပါဘူး။

သူပေးလာတဲ့နိမိတ်အတိုင်း ကောင်းကောင်းဆိုးဆိုးလက်ခံထားလိုက်ပါ။ ပြီးတော့ စောင့်ကြည့်လေ့လာပါ။

တဲရော့ဟောရတာ နက္ခတ်ပညာလောက် အားမရဘူးဗျာ ... သိပ္ပံနည်းမကျသလိုပဲ ... ဟောတိုင်းလည်းမမှန်ဘူး ?

တဲရော့ပညာကို သိပ္ပံနည်းမကျဘူးလို့ ဘယ်သိပ္ပံပေတံနဲ့တိုင်းထွာတာလဲခင်ဗျာ … ပြီးတော့ မိတ်ဆွေယူဆနေတဲ့ နက္ခတ်ပညာကရောသိပ္ပံနည်းကျပါတယ်ဆိုတာ ဘယ်သိပ္ပံပေတံနဲ့တိုင်းထွာပါသလဲ … ? နက္ခတ်ပညာအရ … တွက်ရိုး ( Astronomy ) ကိုပြောတာဆိုရင်တော့သိပ္ပံနည်းကျတာ လက်ခံပါတယ်။ ဒါပေမယ့် ဟောရိုးမှာတော့ ၀ိဇ္ဇာနည်းကျနေတာမိတ်ဆွေသတိပြုမိသင့်ပါတယ်။ နောက်တစ်ချက်က အဲဒီသိပ္ပံနည်းကျတဲ့ နက္ခတ်ပညာရပ်တောင်မှ အမှားမကင်းတာတွေရှိနေပါသေးတယ်။ တဲရော့ကိုတိုက်ရိုက်ကြီး နှိမ့်ချတာတော့ မကောင်းပါဘူးဗျာ။

တဲရော့ဘာကြောင့်မမှန်ရသလဲဆိုတာပဲ ပြောရရင် …

( က ) မိတ်ဆွေကိုယ်တိုင် စိတ်ပါလက်ပါ မရှိလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ … စိတ်မကြည်ချိန်မေးမြန်းမိခြင်း …

( ခ ) မေးတဲ့မေးခွန်း မတိကျလို့လည်းဖြစ်နိုင်ပါတယ်။ ဥပမာ … 2023 ခုနှစ်မှာ ဘာဖြစ်မလဲ မမေးပဲ … လာမယ့် အနာဂတ်ဘာဖြစ်မလဲ မေးမြန်းခြင်းမျိုး

( ဂ ) မိတ်ဆွေကိုယ်တိုင် အဓိပ္ပါယ်ကောက်လွဲမှားတာလည်းဖြစ်နိုင်ပါတယ်။

( ဃ ) မိတ်ဆွေကိုယ်တိုင် တဲရော့နဲ့ မဆက်သွယ်မိတာလည်းဖြစ်နိုင်ပါတယ်။ ( လူရင်းနဲ့လူစိမ်းမှာ လူရင်းက ကိုယ့်အကျိုးကို ပိုပြီးဆောင်နိုင်ပါတယ်။ )

မိတ်ဆွေကိုယ်တိုင်နက္ခတ်ပညာလေ့လာနေတာပဲလေ .. ဂြိုဟ်တွေတောင် တစ်နေရာထဲ အကြာကြီးနေလို့လားဗျာ … နာရီစက္ကန့်မလပ် ရွှေ့လျားပြောင်းလဲနေကြတာပဲမဟုတ်လား … ကံဆိုတာလည်း အမြဲပြောင်းလဲလှုပ်ရှားနေတာလည်းမမေ့ပါနဲ့ … တဲရော့ကိုအပေါ်ယံလေးလေ့လာနေတာထက်ထဲထဲဝင်ဝင်လေးလေ့လာကြည့်ပါဦး။ ဒါမှမဟုတ်လည်း မိတ်ဆွေနှစ်သက်တဲ့ နက္ခတ်ပညာပဲ ဆက်လေ့လာပေါ့ဗျာ …

တဲရော့မှာ ပုံသေဟောတဲ့နည်းမျိုးရှိပါသလား ... ?

ဟောကွက်ပုံသေမရှိပါဘူး။ ဒါပေမယ့် အခြေခံသမားတွေအတွက် အခြေခံသိသင့်တာလေးတွေတော့ ရှိပါတယ်။ ဥပမာဗျာ … Death ( သေမင်း )

ကဒ်ဟာ နိမိတ်ကိုက ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ လက္ခဏာမရှိပါဘူး။ ဒါကြောင့် အခြေခံသမားတွေ လွယ်လွယ်မှတ်ထားဖို့ကတော့ ” မကောင်းဘူး ” ဆိုတဲ့ ဟောကွက်ပါ။ ဒါဟာ ပုံသေနည်းလားဆိုတော့ မဟုတ်ဘူးနော်။ သဘာဝအတိုင်း သိအောင်နဲ့ သာမန်မှတ်မိအောင်ပဲပြောပြတာပါ။ တခါတရံမှာ မေးခွန်းကြောင့်သော်လည်းကောင်း၊ အချိန်နေရာ၊ ဒေသကြောင့်သော်လည်းကောင်း၊ လာမေးတဲ့ လူပုဂ္ဂိုလ်ကြောင့်သော်လည်းကောင်းအပြောင်းအလဲ ရှိတတ်ပါတယ်။

ဥပမာ … ကျနော် ကျန်းမာရေးပြန်ကောင်းနိုင်မလား? မှာ ” သေမင်းကဒ် ” ကျရင် ” မကောင်းဘူး ” လို့ဟောနိုင်ပါတယ်။ ဒါက အခြေခံသဘော။

ကျနော့် နှလုံးရောဂါ ပျောက်မလား? မှာ ” သေမင်းကဒ် ” ကျရင် ” ကောင်းမယ် ” လို့ဟောနိုင်ပါတယ်။  ကျတာက သေမင်းကဒ်ခြင်းအတူတူပဲနော် …

ဒါပေမယ့် မေးခွန်းအရ အဟောတွေက ကောင်းတယ် နဲ့ မကောင်းဘူး အဖြေကွဲသွားတာ … ဘာကြောင့်ဒီလိုယူဆရသလဲဆိုရင် … သေမင်းကဒ်ဟာ …

” သေဆုံးခြင်း ” လို့ ယူဆလိုက်တာပါ။

ပထမမေးခွန်းမှာ ကျန်းမာရေးပြန်ကောင်းမကောင်းကို အဓိကမေးတာမို့ ကျန်းမာရေးသေမယ် လို့ ယူဆပါတယ်။ ကျန်းမာရေးသေမှတော့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့အဖြေပဲ ထွက်မှာပေါ့ …

ဒုတိယမေးခွန်းမှာတော့ နှလုံးရောဂါ ပျောက်မပျောက်ကို အဓိကမေးတာမို့နှလုံးရောဂါသေမယ် လို့ ယူဆပါတယ်။ ဖြစ်နေတဲ့ နှလုံးရောဂါဆိုတာကြီးသေမှတော့ နှလုံးရောဂါပျောက်ပြီပေါ့ … ဒါကြောင့် ကောင်းတဲ့အဖြေပြန်ထွက်လာတာပါ။

ဒါဟာ တဲရော့ပညာရဲ့ လှည့်ကွက်လေးတစ်ခုပါ။ ဆက်ပြီးတွေးကြည့်ပါ။ အရက်နံ့တစ်ထောင်းထောင်းနဲ့ အလုပ်ကိစ္စလာတိုင်ပင်သူနဲ့ … လာလာခြင်း ဘုရားကိုဦးချဆရာကို ရိုရိုသေသေမေးမြန်းသူနဲ့ ဘယ်သူနိမိတ်ပိုကောင်းမလဲဆိုတာမျိုးပေါ့ … ဒါကြောင့် တဲရော့မှာ ပုံသေဟောနည်းရယ်လို့ မရှိပါဘူး။ ဒါကြောင့်လဲ …

တဲရော့ဆရာခြင်းတူရင်တောင်မှ ဟောကွက်ခြင်းကွဲပြားကုန်တာပေါ့ … လူခြင်းမတူ၊ စိတ်ခြင်းမတူ၊ ကြိုးစားမှုခြင်းမတူ၊ ပါရမီခြင်းမတူ၊ အယူအဆခြင်းမတူတာတွေမမေ့ပါနဲ့ …

အင်တာနက်မှာ တဲရော့ခင်းနည်းအမျိုးမျိုးတွေမြင်တွေ့နေရတယ် ... ဘယ်နည်းကအကောင်းဆုံးဖြစ်မလဲ ... ?

တဲရော့ပညာအရ … ကဒ်ခင်းနည်းအမျိုးမျိုးရှိနေပါတယ်။ တစ်ကဒ်ချင်းဆွဲယူပြီး ဟောဆိုရတဲ့နည်းကစလို့ 3 ကဒ်ခင်းနည်း၊ 4 ကဒ်ခင်းနည်း၊ 5 ကဒ်ခင်းနည်း စသဖြင့် အမျိုးမျိုးပါ။ ဒါ့အပြင် 3 ကဒ်ခင်းနည်းထဲမှာတောင် ဒေါင်လိုက် 3 ချပ်ခင်းတဲ့နည်း၊ အလျားလိုက် 3 ချပ်ခင်းတဲ့နည်း၊ တြိဂံပုံခင်းတဲ့နည်း စသဖြင့်တွေမူကွဲနေသေးပါတယ်။ အဲဒီထဲကမှ ဘယ်နည်းအကောင်းဆုံးဖြစ်မလဲဆိုတာကတော့တော်တော်လေးပြောရခက်ပါတယ်။ သန်ရာသန်ရာနည်းကို သုံးသင့်ပါတယ်။ ကိုယ်နဲ့ရင်းနှီးပြီး ကိုယ့်အတွက် အသုံးကျတဲ့နည်းမျိုးကို ရှာဖွေသင့်ပါတယ်။

နောက်တစ်ချက်က တချို့ခင်းနည်းတွေဟာ ကဒ်တွေခင်းရတာသာများတာ လက်တွေ့မှာ မေးခွန်းတစ်ခုထဲကိုပဲ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင်တာပါ။ ဒါတွေလည်းခွဲခြားတတ်ဖို့ လိုပါသေးတယ်။ ကျနော်ကတော့ 12 ကဒ် ဘာဝခင်းနည်းကို သဘောအကျဆုံးပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာလူမျိုးတွေက ဗေဒင်အမေးရှိလာရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အချစ်ရေး၊ ငွေကြေး၊ နိုင်ငံခြား စသဖြင့် ပြည့်ပြည့်စုံစုံသိချင်ကြတာများပါတယ်။ ဒါကို 12 ကဒ်ဘာဝခင်းနည်းက အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် တခါတရံ မေးခွန်းတစ်ခုထဲကိုသာ ပိုင်ပိုင်နိုင်နိုင်သိလိုကြတဲ့အခါမျိုးမှာတော့ ပိုမိုပြီး တိကျတဲ့ 5 ကဒ်ခင်းနည်း၊ 10 ကဒ်ခင်းနည်းတွေကို သုံးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မေးခွန်းရဲ့ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင်ကြီးလေ့လာပြီး ဟောချင်လို့ပါ။

ဥပမာလိုလားရင်တော့ … ကျနော်တင်ထားတဲ့ 5 ကဒ်ခင်းနည်းမှာ ဝင်ဖတ်လိုက်ပါခင်ဗျာ … အနှစ်ချုပ်ပြန်ပြောရရင်တော့ ဘယ်နည်းက အကောင်းဆုံးဆိုတာရယ်တော့မရှိပါဘူး။ ကိုယ်သန်ရာနည်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးလို့ ထင်ရတဲ့နည်းတောင်မှ ကိုယ်က မပိုင်နိုင်ရင် အလကားပါပဲ … နောက်ထပ်အရေးကြီးတာကတော့ ကဒ်ခင်းနည်းတွေ လေ့လာနေတာထက် … ကဒ်တစ်ခုကို ဘယ်လိုယူဆရမလဲဆိုတာမျိုးကို ပိုင်နိုင်ကျွမ်းကျင်အောင်လေ့လာတာက အကောင်းဆုံးပါပဲ …

မဟာဘုတ်တို့ ၊ အင်္ဂဝိဇ္ဇာတို့မှာ အဆောင်ပေးတဲ့နည်းလမ်းရှိပါတယ်။ တဲရော့ပညာမှာရော ရှိပါသလား? ရှိရင်သိချင်ပါတယ်။

ရှိပါတယ်။ နှစ်မျိုးပါ။

  • ပုံသေအဆောင်ဆိုတဲ့ နည်းလမ်းနဲ့ …
  • လိုလားအပ်တဲ့ အကျိုးပေးကို ရှာဖွေပြီးဆောင်ရတဲ့ အဆောင်

ဆိုပြီး နှစ်မျိုးရှိနေတာပါ။ ပုံသေအဆောင်ဆိုတာကတော့ မိမိရဲ့မွေးခုနှစ်၊ မွေးချိန်တွေကို ကျကျနနတွက်ချက်ပြီးမှ ကိုယ်နဲ့သင့်တော်တဲ့ အဆောင်ကဒ်ပြားကို ရွေးချယ်ယူတာပါ။ တိကျတဲ့တွက်နည်းကို တဲရော့ ( Advanced ) ပိုင်းမှာတင်ပြပေးထားပါတယ်။ အဲဒီမှာ လေ့လာပါ။

နောက်တစ်နည်းဖြစ်တဲ့ လိုလားအပ်တဲ့ အကျိုးပေးကို ရှာဖွေပြီး ဆောင်ရတဲ့နည်းဆိုတာကတော့ … ဥပမာဗျာ …

မိတ်ဆွေက လာဘ်ရွှင်ချင်တယ်၊ ငွေဝင်ချင်တယ်ဆိုပါတော့ … ဒါဆို ကြယ် 9 ပွင့် ကဒ်ဆောင်တာမျိုး၊ တုတ် 5 လက်ကဒ်ဆောင်တာမျိုး လုပ်ပေးနိုင်ပါတယ်။ မိသားစုတွေစည်းလုံးမှုရှိဖို့၊ အိမ်တွင်းရေးသာယာမှုရှိဖို့ဆိုရင်တော့ ခွက် 10 လုံးကဒ်ဆောင်ထားနိုင်ပါတယ်။ အလုပ်နေရာပြောင်းတာ၊ တစ်ခုခုကို အကောင်းဘက်ပြောင်းလဲစေချင်တာမျိုးဆိုရင်တော့ … The Wheel of Fortune ကဒ်ကို ဆောင်ထားနိုင်ပါတယ်။

Leave a Reply

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.